မြိတ် သဘာဝ ဌက်သိုက်
မြိတ် သဘာဝ ဌက်သိုက်
ကျွန်တော်တို့ အမိမြန်မာနိုင်ငံသည် သဘာဝ သယံဇာတများ
အများအပြားထွက်ရှိသော နိုင်ငံဖြစ်သည်။ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ ပုလဲ
စသည့် သဘာဝတွင်းတွက် အဖိုးတန်လက်ဝတ် ရတနာများအပြင် သဘာဝ
ငှက်သိုက်ကဲ့သို့သော အဖိုးတန်သည့် အရာများလည်း ထွက်ရှိပါသည်။
ထိုကဲသို့
သဘာဝအလျောက် ဖြစ်ပေါ်လျက်ရှိသော ငှက်အန်ဖတ် (ငှက်သိုက်) များကို
မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင်
အများဆုံးတွေ့မြင်နိုင်ပြီး အချို့ကို ဧရာဝတီတိုင်း ဒေသကြီးတွင်လဲ
တွေ့မြင်နိုင်သည်။
ကျွန်တော်အပါဝင်
လူတိုင်းက အန်ဖတ်ဆိုလျှင် ရွံရှာကြတာ သဘာဝပဲလေနော်။ ဒါပေမဲ့ ဒီလိုသဘာဝ
တရားကြီးက ဖြစ်ပေါ်လာသော ငှက်အန်ဖတ် "ငှက်သိုက် " ဟာဖြင့် လူသားတို့အတွက်
အာဟာရဖြစ်စေလို့ အိမ်တိုင်း ကျန်းမာရေးအတွက် သောက်သုံးမှီဝဲ လေ့ရှိကြသည်။
သဘာဝ
ငှက်အန်ဖတ် (ငှက်သိုက်)ကို "ဇီဝဇိုး" လို့ အမည်တွင်သော ငှက်တမျိုးကပဲ
အန်ထုတ်လေ့ရှိသည်။ ထိုငှက်သည် အင်းစက်ပိုးမွှားများကို လေပေါ်တွင်
ပျံသန်းရင်း စားသောက်လေ့ရှိသောကြောင့် အချို့က "လေစားငှက်"
လို့လဲခေါ်ကြပါသေးသည်။ သိပ္ပံအမည်မှာ "ကောလိုကေးလီယားဂျာမယ်နီ
"ဟုခေါ်သည်။ ဇီဝဇိုးငှက် တို့သည် ရံဖန်ရံခါ ပျံလွှားငှက်တို့နှင့်
အသွင်သဏ္ဏာန် အားဖြင့် ဆင်တူလေ့ ရှိကြသည်။ ဒါပေမဲ့ ဇီဝဇိုး ငှက်တို့၏
ကျောဘက်အရောင်မှာ အမဲရောင်နှင့် ဝမ်းဗိုက်အရောင်မှာ မီးခိုးရောင်
ဖြစ်ကာဦးခေါင်းမှာ လုံးဝန်းပြီး မာကျောသော နှုတ်သီး ရှိသည်။ ထို့အပြင်
ခြေချောင်းများမှာ ချွန်ကား ရှည်လျားပြီး ကုပ်ဖတ် တွယ်ကပ်နိုင်စွမ်း
ရှိသောကြောင့် အမြင့်ပိုင်းရှိ တောင်နံရံ အစွန်အဖျားများတွင်သာ
နေထိုင်ကျက်စားကာ အသိုက်ဖွဲ့ လျက်ရှိကြသည်။
ပုံမှန်အားဖြင့် ငှက်တို့၏ အသိုက်ကို ငှက်မများမှ
ပြုလုပ်ကြသည်ဟု အများအားဖြင့် သိထားကြသော်လည်း ထူးခြားစွာဖြင့် ဇီဝဇိုးငှက်
တို့မှာ ငှက်ထီးများက ချစ်ခြင်းမေတ္တာကို ဖော်ကျူးပြီး
၎င်းတို့ကိုယ်တိုင် ပါးစပ်မှ အန်ထုတ်သော အန်ဖတ် ကို ငှက်မများ
ဥဥနိုင်ရန်အတွက် အသိုက်သဖွယ် အဆင်သင့် ပြုလုပ် ပေးကြသည်။ ၎င်းငှက်ထီး
များသည် အာခေါင်တွင်းမှ အာစေး တံတွေးဂလင်းကို အန်ထုတ်ပြီး ငှက်မများ
ဥ(၂)လုံးစာ ဥနိုင်ရန် အသိုက် ခွက်ပုံသဏ္ဏာန် ဖြစ်အောင် နှုတ်သီးဖြင့်
လိုသလို စိတ်ကြိုက် ပုံဖော်ကာ အန်ဖတ်ဖြင့် "ငှက်သိုက်" ပြုလုပ်လေ့
ရှိကြသည်။ ငှက်မများသည် တနှစ်ပတ်လုံးမှ တန်ပေါင်းလနှင့် တန်ခူးလများတွင်သာ
သားပေါက်ပြီး တစ်ခါပေါက်လျှင် အထီးတကောင်၊ အမတကောင်ဟူ၍ (၂)ကောင်သာ
ပေါက်လေ့ရှိသည်။ ၎င်းတို့သည် မိခင်စိတ် ပြည့်ဝစွာဖြင့် သားပေါက်ချိန်မှ
(၂)လတိတိ အသိုက်တွင်နေထိုင်ကာ (၂)လကြာပြီးနောက်မှ အသိုက်ကို
စွန့်ခွာခွဲထွက် လေ့ရှိကြသည်။
အန်ဖတ်သည် လေနှင့် ထိတွေ့သောအခါ ခြောက်သွေ့ပြီး
မာကြောကာ ယခုလိုဈေးကွက်တွင် တွေ့ရှိရသော "ငှက်သိုက်" အဖြစ်ဖြစ်ပေါ်လာသည်။
၎င်း အသိုက်တွင် အဖြူရောင်ငှက်မွှေးပါ အသိုက်နှင့် အမဲရောင်ငှက်မွှေးပါ
အသိုက်ဟူ၍ (၂)မျိုး ရှိသည်။ သို့ပေမဲ့ ကျွန်တော်တို့ အများစုသည် အဖြူရောင်
ငှက်သိုက်ကိုသာ ပိုမိုသောက်သုံး လေ့ရှိသောကြောင့်
အဖြူရောင်ငှက်သိုက်သာလျှင် ဈေးကွက်အတွက် အထူးရောင်းအားကောင်းစေသော ပစ္စည်း
ဖြစ်သည်။ ဌက်အန်ဖတ်များသည် လွယ်ကူစွာမရပါ။ တခါတရံ အန်ရလွန်း၍
အာစေးအတွင်းမှ သွေးစများ ပါလာတတ်ပါသည်။ ထိုသွေးစပါ အန်ဖတ်က သာမာန် အန်ဖတ်
(ငှက်သိုက်) ထက် တန်ဖိုးပိုမြင့်ကြောင်း ဆိုကြပါသည်။ မည်သို့ပင်ဆိုစေကာမူ
ကျွန်တော်တို့လူသားတိုင်း၏ ကျန်းမာရေးအတွက် ထိုသဘာဝငှက်သိုက်သည်
လာဘ်တစ်ပါးပင် ဖြစ်ပေသည်။
ဒီလို သဘာဝ အဖိုးတန်တဲ့ အန်ဖတ် "ငှက်သိုက် "ကို
ခက်ခဲစွာ ရှာဖွေယူရပါသည်။ ဒေသစကားအရ ထိုရှာဖွေသူများကို ငှက်သိုက်
ဖော်တဲ့မုဆိုးလို့ ခေါ်ကြသည်။ တစ်နည်းအားဖြင့် မုဆိုးဆိုသည်မှာ -
ရေကူးကျွမ်းကျင် ပညာရှင်နှင့် တောင်တက်ကျွမ်းကျင် ပညာရှင်များကို
ဆိုလိုခြင်း ဖြစ်သည်။ ဇီဝဇိုးငှက် တို့သည် လှိုဏ်ဂူ၊ ကျောက်တောင်နံရံ
အမြင့်ဆုံးနေရာများတွင် အသိုက်ဖွဲ့ ပြီးနေထိုင် သောကြောင့် အထက်ပါ
ပညာရပ်များ ကျွမ်းကျင်မှသာ အမှန်တကယ် ရှာဖွေလို့ ရပါသည်။ "ငှက်သိုက် "သည်
ရေပတ်လည်ဝိုင်းသော အမြင့်နေရာ၊ ကျွန်းစုနှင့် ကျွန်းဆွယ်များတွင်သာ
တည်ရှိသောကြောင့် အသက်အန္တရာယ်ရှိလို့ ရှာဖွေသူ မုဆိုးများလဲ
စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အတူတကွ ပူးတွဲလုပ်ဆောင်ကာ ကြိုးစား ရှာဖွေ
ယူကြရသည်။
ဌက်သိုက်ကျွန်း
ယခုဆိုလျှင်
ခေတ်မှီ စက်ကိရိယာ များဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ထိုရရှိလာသော"
ငှက်သိုက် " ကုန်ကြမ်းများကို သေချာ သန့်စင်ပြီး ပေါင်းခံကာ ဘူး၊ ပုလင်း
ဒီဇိုင်း အရောင်အသွေးစုံလင်စွာဖြင့် တံဆိပ်မျိုးစုံ
ထုတ်လုပ်ကာမြန်မာနိုင်ငံတွင်း သာမက ကမ္ဘာထိပါ ဖြန့်ဖြူးရာင်းချလျက်ရှိသည်။
မြန်မာနိုင်ငံမှသည် ကမ္ဘာ့ဈေးကွက်အထိ တင်သွင်းရောင်းချရာတွင် ဝယ်လို
အားကောင်းသောကြောင့် အမိနိုင်ငံအတွက် ဝင်ငွေခွန်အဖြစ်ပါ တိုးပွားရရှိစေသည်။
(နိုင်ငံ့ဝင်ငွေတခုအဖြစ်ပါဝင်စေသည်။)
"ငှက်သိုက် " သောက်သုံးခြင်းဖြင့် ဘယ်လိုအကျိုးအာနိသင်တွေရရှိစေသလဲ??????
ငှက်သိုက်တွင်ပါဝင်သော Sialic Acid သည် အာရုံကြောကို
အားအင်ပြည့်စေပြီး ဦးနှောက်ကို ကြည်လင် ဖွံ့ဖြိုးတိုးတက်ကာ
စိတ်ကြည်လင်လန်းဆန်းစေလို့ လူကြီး၊ လူငယ် မရွေး အားလုံး အာဟာရ ဆေးအဖြစ်
သောက်သုံးလို့ ရပါသည်။ထို့ပြင် ငှက်သိုက် သည် ပရိုတင်းဓာတ်ကြွယ်ဝစွာ
ရရှိလို့ အားအင်ယုတ်လျော့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ရောဂါဝေဒနာအချို့
ခံစားရချိန် အစားသောက်ပျက်ခြင်း စသဖြင့် အရာများကို နလန်ထလန်းဆန်းတက်ကြွကာ
အားပြည့်စေလို့ အိမ်တိုင်း အာဟာရဓာတ်စာ ဆေးတစ်မျိုးအဖြစ် ယခုချိန်ထိတိုင်
သောက်သုံး လျက်ရှိကြသည်။
ငှက်သိုက်သည်
အသက်ရှူလမ်းကြောင်းကို သန့်စင်ပေးလို့ နာတာရှည်ရောဂါဝေဒနာ
ခံစားနေရသူများအတွက်လဲတနေ့တကြိမ် သောက်သုံးရန်သင့်တော်ပါသည်။
အသက်ရှုလမ်းကြောင်းဆိုလို့ ပြီးခဲ့သော အချိန်ကာလတွင်
ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ ပြင်းထန်အဆုတ်ရောင် ရောဂါ ကိုရိုနာ virus
(Covid-19)ကို ပြင်းထန်စွာ ရင်ဆိုင်ကြုံတွေ့ ခဲ့ရလို့
အလွန်လဲစိတ်ညစ်ဖွယ်ကောင်းသောကာလတခုဖြစ်ခဲ့တာပေါ့ဗျာ။ ထိုချိန်တွင် "
ငှက်သိုက် " သည်လဲ လိုအပ်သော ပရိုတင်းဓာတ် ကိုရစေလို့ အထောက်ကူပြု
အာဟာရဆေး တမျိုးအဖြစ်တထောင့်တနေရာက အားဖြည့် ပါဝင်စေခဲ့သည် ။
(ကျွန်တော်လဲ ကိုဗစ်ဖြစ်ခဲ့တော့
" ငှက်သိုက် "ကို တနေ့တဘူး အားဖြစ်စေဖို့ လက်တွေ့သောက်ခဲ့ရသူပါ)
ဒီလိုသဘာဝတရားကြီးကပေးစွမ်းသော ထူးခြားဆန်းပြားသော
အာဟာရဓာတ်စာ တွေ နှင့် အလှအပတရားများစွာရှိတဲ့ နိုင်ငံမှာ
ကျွန်တော်တို့နေရတာ အင်မတန်မှ ဂုဏ်ယူဖွယ်ကောင်းပါတယ်ဗျာ။
(2020 အထိပေါ့ 😥....)
တနင်္သာရီတိုင်းမှာ
ထိုသဘာဝ ငှက်သိုက်တစ်ခုထဲကသာ စိတ်ဝင်စားဖို့ကောင်းတာ မဟုတ်ပဲ
အခြားသဘာဝအလှများဖြစ်သော မောင်းမကန်ကမ်းခြေနှင့်ညောင်းဦးဖိီးကျွန်းတို့၏
စိမ်းပြာကြည်လင်သော ကန်ရေပြင် ရှု့ခင်း အလှများကလဲ ခရီးသွားဧည့်သည့်များကို
ကြိုဆိုလျက်ရှိပါသည်။ ကျွန်တော်တို့ နိုင်ငံ တစ်နေ့ အေးချမ်းသွားတဲ့ အခါ
ပျော်ရွှင်ဖွယ်ကောင်းသော မိသားစု ခရီးလေးကို စကားသံဝဲဝဲလေးများဖြင့်
သာယာချိုမြသော အပြုံးပိုင်ရှင်များဖြစ်ကြသော
တနင်္သာရီတိုင်းသူ/သားများနှင့်အတူ ၎င်းတိူ့၏ ရိုးရာဓလေ့အစားသောက်များကို
လည်ပတ် စားသောက်ပြီး လှပသော ရှု့ခင်းများဖြင့် အလှဓာတ်ပုံများ ရိုက်ကူးကာ
ပျော်ရွှင်ဖွယ်နေ့ရက်တွေကို အတူတကွ ဖြတ်သန်းနိုင်ဖို့ သာယာ လှပသော
တနင်္သာရီတိုင်း ကို စာဖတ်သူတို့လဲ တစ်နေ့ မဖြစ်မနေ လာရောက်လည်ပတ်ကြဖို့
ဖိတ်ခေါ် ချင်ပါတယ် ဗျာ။
ဒါနဲ့ လေ ....လွတ်လပ်ခြင်းဖြင့် သွားလာရခြင်းနေ့ရက်များ ကိုကျွန်တော် တို့အားလုံး အမြန်ဆုံးရောက်ချင်ပါပြီ.....😥✊
အမြန်ဆုံး အေးချမ်းဖို့ နေ့ရက်တိုင်း C4TNI မှာ Click ကြပါစို့...... 👌👌👌
လေးစားစွာဖြင့်
စာဖတ်သူများခင်ဗျာ... အထက်ပါရေးသားထားသောအကြောင်း အရာများတွင်
မှားယွင်းသောအချက်အလက်များ ရှိခဲ့ပါက သည်းခံနားလည်
စွာဖတ်ပေးကြပါလို့ကျွန်တော် N2မှ မေတ္တာရပ်ခံအပ် ပါသည်။🙏🙏🙏
Content By N2
Comments
Post a Comment