ထားဝယ်ရိုးရာ မိုးခေါ်ပွဲ (သို) ဖားထီး ဖားမ မိုးခေါ်ပွဲ အစဉ်အလာ🐸
ထားဝယ်ရိုးရာ မိုးခေါ်ပွဲ (သို) ဖားထီး ဖားမ မိုးခေါ်ပွဲ အစဉ်အလာ🐸
ရှေးရှေးသော
ထားဝယ်လူမျိုးများ၏ အယူအဆ ယုံကြည်မှုအရ မိုးခေါင်ခဲ့လျှင် လွန်ဆွဲ၍ မိုးမရွာက ဖားထီ၊း ဖားမ ပွဲကို အစီအစဉ်တကျ
ဆင်ယင်ကျင်းပလေ့ရှိကြသည်။ အကယ်၍များ မိုးမရွာသေးလျင် ထားဝယ်ရာဇဝင်လာ
ငါးခုံးမ ရုပ်ထုကို ရွှေချ၍ ရေသွန်းခြင်း ရေချခြင်းများ ပြုလုပ်ပါက
မိုးမရွာပဲ မနေနိုင်ဟု ထားဝယ်ဓလေ့ ဆိုရိုးရှိခဲ့ပါသည်။ ဤတွင် ဖားထီး
ဖားမပွဲနှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြလိုသည်မှာ ဘုရားအလောင်းတော်
ငါးရံ့မင်း ဘဝဖြင့် ဇလွန်းကျေးရွာ ဇလွန်းတောင်အနီးရှိ ရေကန်ငယ်တွင်
ကျင်လည်ကျက်စားခဲ့ရာ အစွဲပြူ၍ ငါးရံ့မင်း ရေအိုင် (သို့) နဒီသေလာကန်တော်ဟုခေါ်တွင်ခဲ့ပြီး ယနေ့တိုင် တည်ရှိဆဲ ဖြစ်ပါသည််။ မိုး နောက်ကျလွန်း၍
လယ်ထွန်၍မရ လယ်ယာမြေများ ပက်ကြားအက်သည့် အခြေအနေတွင်လည်းကောင်း စပါးပင်များ
စိုက်ပျိုးပီး၍ မိုးလယ်ကာလ မိုးတန့် မိုးခေါင် ဖြစ်သည့်အခါ၌ လည်းကောင်း
ထားဝယ်ဒေသ ဝမ်းစာ ပြတ်လပ်၍ ကပ်ဘေးဆိုက်မည့် အခြေအနေသို ရောက်မှသာလျင် ထို
နဒီသေလာ ငါးရံ့မင်း ရေကန်တွင် ဖားထီး ဖားမ မိုးခေါ်ပွဲကို ကျင်းပရမည်ဟု
ပြောစမှတ်ရှိခဲ့ပါသည်။ အကြမ်းဖျင်းအားဖြင့် သင်္ကြန်အပီး ၄၅ ရက် (သို့) နယုန်လပြည့်ကျော်အထိ မိုးမရွာခဲ့လျင် လည်းကောင်း ဝါခေါင် လပြည့်ကျော်
စပါးပင်များရှင်သန်ရန် ရေ လိုအပ်ချိန်တွင် မိုးခေါင်ခဲ့လျင်လည်းကောင်း
အင်မတန် လိုအပ်မှသာ ကျင်းပခွင့်ရှိပါသည်။ ဖားထီး အဖြစ် ဆန်းချီရပ်မှ
လည်းကောင်း ဖားမ အဖြစ် ကျောက်မော်ရပ်မှ မျိုးရိုးအစဉ်အဆက် ရှိသူများသာ
ပါဝင်ဆောင်ရွက်ရပါသည်။ ပွဲမကျင်းပခင် အနည်းဆုံး ၇ ရက်ခန့် ဥပုသ်သီလ
ဆောက်တည်ရမည်ဖြစ်ကာ ဇလွန်းတောင်ဘုရား သြရဂဋ္ဌုံ ဘုရားများ၌
ငါးရံ့မင်းပရိတ်တော် ပရိတ်ကြီး ၁၁ သုတ် စသည့် သုတ္တန်ပရိတ်တော်များ
ရွတ်ဖတ်ပူဇော်ခြင်း စသည့် ကုသိုလ်အမှုများဆောင်ရွက်ရပါသည်။
ပွဲကျင်းပချိန်တွင် သက်ဆိုင်ရာဘုရားများ၌ ပူဇော်ခြင်း
ဆရာတော်သံဃာတော်အရှင်မြတ်တိုက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇာယ်ခြင်း
ပြုရပါသည်။ ဆန်းချီရပ်မှ ဖားထီး ဖြစ်သူက ရပ်မိရပ်ဖ အခြံအရံများ ကာလသားများ
အပျိုတော်များ လိုက်ပါ၍ အိုးစည် အတီးအမှုတ်များဖြင့် မိုးခေါ် သီချင်းများ
သီဆို ကခုန်ရင်း ကျောက်မော်ရပ်မှ ဖားမ ဖြစ်သူအား သွားရောက်ကြိုဆိုကာ
ဇလွန်းရွာ ရေကန်ရှိရာသို မြူးထူးပျော်ပါးလျက် စည်စည်ကားကား
သွားရောက်ကြပါသည်။ ထိုအချိန်တွင် ရပ်ကွက်အသီးသီးမှ အပျိုတော်များ၊
ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် အချောအလှများက တစ်ဖက်ပိတ် အဆစ်ပြန် ကြခပ်
ဝါးကျည်တောက်များဖြင့် ထားဝယ် အခေါ် လှောင်းစေ့ (ပင်စိမ်းစေ့) များကို
ရေဖြင့်ထည့်စိမ်ကာ ယူဆောင်လာရပါသည်။ ရေကန်ရောက်သော် အနီးရှိဖားဝပ်ကျင်းတွင်
ခေတ္တနားနေ၍ အချိန်ရောက်သည်နှင့် ဖားထီး ဖားမ ရှေ့နောက်ထွက်ကာ ခုန်ဆွ
ခုန်ဆွ ဖြင့် နဒီသေလာကန်အား ဖားမိတ်လိုက်ဟန် ဖားအော်သံပေးလျက် သုံးပတ်
ပတ်ရပါသည်။ ပြီးနောက် ဖားထီးက ရေကန်သို့ဆင်းကာ ရေမြူးဆော့ကစားပြီး ဖားမ
ဖြစ်သူ နှင့် ပရိသတ်များအား ငါးရံ့မင်းကန်မှ ရေဖြင့်ပက်ဖျန်း ကျီစယ်ရပါသည်။
ဖားမဖြစ်သူမှာ ကန်အတွင်း ဆင်းလိုက်ခွင့်မရှိပါ။ ထိုအချိန်တွင်
ယူဆောင်လာသော ပင်စိမ်းရေများဖြင့် အောင်ပြီ အောင်ပြီ ဟု ကျဲပက်ပေးရပါသည်။
ငါးရံ့မင်းကန်မှ ရေများကို ပရိတ်သတ်များအားပက်ဖျန်း၍
အဆစ်ပြန်ဝါးကျဉ်တောက်များဖြင့် ဆောင်ယူကာ ဇလွန်းတောင်ဘုရား သြရံဂဋ္ဌုံ
ဘုရားများသို ရေသွန်းလောင်းရပါသည်။ နဒီသေလာ ကန် တွင် အုတ်ရိုးဖြင့်
ကာရံထားပီး အတွင်းသို့ အမျိုးသမီးများ ဝင်ခွင့်မရှိပါ။ ပွဲကျင်းပနေစဉ်
ဖိနပ်စီးခြင်း၊ ထီး၊ ဦးထုပ် ဆောင်းထားခြင်းတို့ မပြုရပါ။ သစ္စာဖြင့်
ဆောင်ရွက်လျှင် အမှန်ပင် မိုးရွာစေနိုင်ကြောင်း သာဓကများ ရှိခဲ့ပါသည်။
ထား၀ယ်ရိုးရာ
ဖားထီးဖားမ ကစားနည်း (မေး ဖားထီးလော်/ ဖားမ) (ဖြေ ဖားမ) (မေး ငါ့ရေကန်ထဲ
မ၀မ်န) (ဖြေ ၀မ်မယ်) (မေး ၀မ်ဟာလိုက်မယ်) (ဖြေ လိုက်ဟာ ပ္လေးမယ်) (သံပြိုင်
အောင်အမ်း အောင်အမ်း အောင်အမ်း ...........) ဖားထီးလုပ်သူက
စည်းဝိုင်းအလည်တွင် ဖားထိုင်ထိုင်နေရသည်။ ဖားမလုပ်သူများက အပြင်ဖက်မှာ
မတ်တပ်ရပ်ပီး လက်ချင်းတွဲထားရသည်။ ဖားထီးကမေး ဖားမကဖြေရသည်။ နောက်ပီး
ရေကန်ထဲ ကျူးကျော်၀င်ဟန် စည်းဝိုင်းထဲ တစ်လှမ်းတိုးလိုက်သော်
ဖားမများရဲ့ခြေထောက်ကို လှမ်းဆွဲရသည်။ ဖမ်းခံသူသည် ဖားထီးနေရာကနေ
ပြန်ဆော့ရမည် ဖြစ်သည်။
(ကိုးကား-သန်းဝင်းသူမှကူးယူဖော်ပြသည်)
Comments
Post a Comment