❑ဆလုံလူမျိုးနှင့် ယဥ်ကျေးမှု❑
❑ဆလုံလူမျိုးနှင့် ယဥ်ကျေးမှု❑
ဆလုံလူမျိုးတွေဟာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရဲ့ မြိတ်ကျွန်းစုမှာ နေထိုင်ကြတဲ့ လူမျိုးတစ်စု ဖြစ်ပါတယ်။ Sea Gypsy (ပင်လယ်ဂျပ်ပစီများ) လိုတင်စားခံကြရတဲ့ သူတိုဟာ ထူးခြားတဲ့ ရေငုပ်စွမ်းရည်၊ ယဉ်ကျေးမှု၊ အစားအသောက်၊ ဓလေးထုံးတမ်းတွေ ပိုင်ဆိုင်ထားကြပါတယ်။ လက်ရှိအချိန်မှာတော့ လူဦးရေ ၂၀၀၀သာကျန်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ထိုင်းဖက်ကို ပြောင်းရွှေ့အခြေချလာတာတွေ ရှိလာပါတယ်။
သူတိုဟာ Austronesian အနွယ်ဝင်တွေ ဖြစ်ကြပြီး သူတိုကို မော်ကင်း (moken) လိုလည်း ခေါ်ကြပါတယ်။ Sea Gypsy လို တင်စားရခြင်း အကြောင်းရင်းကတော့ လှေတွေပေါ်မှာပဲ သွားလာနေထိုင်တတ်ခြင်းကြောင့်ပါ။ ဆလုံတွေဟာ ရိုးသားလှတဲ့ တိုင်းရင်းသားတစ်စုလည်း ဖြစ်ပါတယ်။ ဆလုံတွေကို ပညာရှင်တွေက မွန်ခမာအနွယ်လို လည်းကောင်း၊ မလေးအနွယ်ဝင်လိုလည်းကောင်း ကွဲလွဲစွာ ယူဆကြပါတယ်။
ဆလုံတွေနဲ့ ပတ်သက်ပြီး ထူးခြားချက်တစ်ခုကတော့ ရေကူး၊ ရေငုပ် အင်မတန်ကျွမ်းကျင်သူတွေ ဖြစ်တယ်။ ရေငုပ်ပြီး ပင်လယ်ခရု၊ ကမာများရှာဖွေပါတယ်။ ရေအောက်မှာ မှိန်းတံရှည်နဲ့ ငါးဖမ်းတတ်ကြပါတယ်။ အလွန်ဆုံး မိနစ် ၂၀ခန့်အထိ ရေငုပ်နိုင်ကြပါတယ်။ပုလဲငုပ်တဲ့နေရာမှာလည်း ဆလုံတွေကို ဘယ်သူ့မှမယှဥ်နိုင်ကြပါဘူး။ ပင်လယ်စာ၊ ပုလဲနဲ့အခြား ဒေသထွက်ပစ္စည်းတွေကိုရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။ ပျားဖွတ်တာ၊ ပင်လယ်မျှော့ငုတ်တာ၊ ကနုကမာနဲ့ ငှက်သိုက်ရှာတာတွေကို ကျွမ်းကျင်စွာလုပ်ဆောင်နိုင်တဲ့သူများလည်း ဖြစ်ကြတယ်။
နတ်ကောင်း၊ နတ်ဆိုးတွေကို ကိုးကွယ်ယုံကြည်ကြပြီး နတ်ဆရာဟာ အင်မတန်အရေးပါပါတယ်။ ထိမ်းမြားလက်ထက်ခြင်းကအစ၊ သေခြင်းအထိ နတ်ဆရာဟာ မပါမဖြစ်ပါပဲ။
လက်ထပ်ပွဲတွေမှာ နတ်ဆရာနဲ့ ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလျှင် လင်မယား အရာမြောက်တယ်လို ဆလုံတိုက ယူဆပါတယ်။ ဆလုံအမျိုးသားက အမျိုးသမီးတစ်ယောက်ကို သဘောကျရင် အမျိုးသားရဲ့ မိဘ(၂)ပါးနဲ့ အကြီးအကဲတိုနဲ့အတူတူ အမျိုးသမီးရဲ့ မိဘတွေဆီမှာ တောင်းရမ်းရပါတယ်။ အမျိုးသမီးဘက်က လက်ခံလျှင် ရက်သတ်မှတ်ပါတယ်။ နတ်ဆရာနဲ့ တိုင်ပင်ပြီး အစားအသောက် ပြင်ဆင်ကြပါတယ်။
မင်္ဂလာပွဲမှာ ကြင်ယာလောင်း မောင်နှံရဲ့ လက်လေးဖက်ကို ပူးယှက်ပြီး သူတို လက်ပေါ်မှာ နတ်ဆရာရဲ့ လက်နှစ်ဖက်နဲ့ အုပ်ပြီး မောင်နှံကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်းနဲ့ ကျန်းမာရေးနဲ့ အလုပ်အကိုင်အကူအညီများပေးရန် တိုင်တည် ပြောဆိုပါတယ်။ သတိုသားနှင့် သတိုးသမီးကိုလည်း ထာဝစဉ် ပေါင်းဖော်မယ့်အကြောင်းကို ရိုးရာနတ်ထံမှာ လက်လေးဖက်ကိုမြှောက်ပြီး တိုင်တည်ရပါတယ်။
ပျော်ပွဲရွှင်ပွဲတွေမှာ မီးပုံပြီး ကခုန်လေ့ ရှိကြပါတယ်။ တစ္ဆေကြီးပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပကြပြီး ရိုးရာနတ်တွေနဲ့ ကွယ်လွန်ပြီးသူတွေကို ပူဇော်ကျွေးမွေးကြပါတယ်။ ပြီးရင်တော့ တူရိယာများတီးပြီး ကခုန်ကြပါတယ်။
သူတိုရဲ့ ရိုးရာအစားစာတွေကတော့ အများအားဖြင့်ကင်းမွန်၊ ငါး၊ ဂဏန်းစတဲ့ ပင်လယ်စာတွေ ဖြစ်ကြပါတယ်။ လင်းနို၊ လင်းဆွဲတွေကိုလည်း စားသောက်လေ့ရှိကြပါတယ်။ ကြက်တွေကိုလည်း အူအသည်းကလီစာတွေထုတ်ပြီး ချက်ပြုတ်စားသောက် တတ်ပါတယ်။
ဆလုံတွေဟာ ရိုးရှင်းစွာ နေထိုင်တတ်ကြပါတယ်။ ယခုဆိုလျှင် မြိုပြနဲ့ ဝေးကွာတဲ့ သူတိုလူနေမှုစနစ်ဂာလည်း တဖြည်းဖြည်းချင်း တိုးတက်လာပါပြီ။ ဆလုံလူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့အတွက် ဆလုံတွေအတွက် အစိုးရက ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသင့်ကြောင်းဆိုရင်း အချုပ်ဆိုအပ်ပါတယ်။
စာကြွင်း။ ။ သမိုင်း သုတေသီများ မဟုတ်သည့် လူငယ်လူရွယ်များမှ ဖော်ထုတ်ရေးသားထားခြင်း ဖြစ်သည့်အတွက် အချက်အလက်များ ကျန်ကောင်း ကျန်ခဲ့နိုင်ပါတယ်။ ဖြည့်စွက်လိုသည့် အကြောင်းအရာများ ရှိပါက လွတ်လပ်စွာ ထောက်ပြပြောဆို နိုင်ပါတယ်။
C4T ဆောင်းပါး ကဏ္ဍ
(တနင်္သာရီဒေသအတွင်းရှိ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ)
ဆောင်းပါးရှင်- Lewis Kid
Comments
Post a Comment